မြန်မာနိုင်ငံတွင်း ပိတ်ဆို့ဖြတ်တောက်မှု: စိန်ခေါ်မှုဟောင်းများနှင့် ဇာတ်လမ်းသစ်တစ်ပုဒ်

26/7/2021 - 2 မိနစ် ဖတ်ရန်

မွမ်းမံထားသည်: 26/9/2021

 မြန်မာနိုင်ငံရှိ သုံးစွဲသူ 5 သန်းကို ပံ့ပိုးပေးရခြင်းသည် သေးငယ်သောအရာ မဟုတ်ပါ

အင်တာနက် အမှောင်ကျသွားသောအခါ ကျန်ကမ္ဘာ့နိုင်ငံများနှင့် ဆက်သွယ်ရေးလည်း ပြတ်တောက်သွားပါသည်။ အာဏာရှင်အစိုးရ အများအပြားသည် ပြည်သူလူထု၏ အသိပညာ၊  လူထုဆန္ဒပြမှုနှင့် လှုံ့ဆော်စည်းရုံးမှုများကို နှိမ်နင်းရန် နည်းလမ်းတစ်ခုအဖြစ် အင်တာနက်ဆင်ဆာဖြတ်တောက်မှုကို အသုံးပြုကြသည်ကို ကျွန်ုပ်တို့ သိရှိထားပြီး အင်တာနက်ဖြတ်တောက်သည့် အဖြစ်အပျက်တစ်ခုသည် ဆိုးရွားသောအရာများ ဖြစ်လာတော့မည့် အချက်ပြလက္ခဏာတစ်ခု ဖြစ်လေ့ရှိသည်။ ယင်းမှာ ပိုမိုဆိုးရွားသော သတင်းများ ချောင်းမြောင်းနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။  မြန်မာနိုင်ငံတွင် router မီးများ ပိတ်သွားသောအခါ သန်းပေါင်းများစွာသော မြန်မာပြည်သူများအတွက် တစ်ကမ္ဘာလုံး ပြောင်းလဲသွားခဲ့သည်...



“တုန်လှုပ်ပြီး လုံးဝ မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်” ဆိုပြီး မြန်မာလူငယ်တစ်ဦးက ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေကို ဖော်ပြခဲ့သည်။ “ကျွန်တော့်ရဲ့ ဦးတည်ချက် ပျောက်ဆုံးသွားတယ်”၊ ထို့ပြင် “အလုပ်လည်း ပြုတ်ခဲ့ရတယ်”။ ဤကဲ့သို့ ဘဝပျက်ယွင်းမှုကို ကြုံတွေ့ခဲ့ရသူမှာ သူတစ်ဦးတည်း မဟုတ်ပါ - မြန်မာပြည်သူ 2 သန်းနီးပါးသည် ရက်အနည်းငယ်အတွင်း Psiphon ကွန်ရက်သို့ အလုံးအရင်းဖြင့် ရောက်ရှိလာကြသည်.  ထိုအရေအတွက်သည် နောက်ထပ် လအနည်းငယ်အတွင်း 5 သန်းအထိ ဆက်လက်တိုးတက်လာခဲ့သည်။ 


အောက်ဖော်ပြပါ ဂရပ်သည် 2021 ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းနှင့် 2021 ခုနှစ် ဇူလိုင်လနှောင်းပိုင်းကြားရှိ Psiphon အသုံးပြုသူ အရေအတွက်ကို ပြသထားသည်။  ဖေဖော်ဝါရီ 3 ရက် (အာဏာသိမ်းမှုနှင့် တိုက်ဆိုင်နေသော) နေ့နှင့် မိုဘိုင်းလ်ဝန်ဆောင်မှုများ ပြန်လည်စတင်သည့်အချိန်နှင့် တိုက်ဆိုင်နေသော မေ 2 ရက်နေ့တို့တွင် အသုံးပြုသူ အရေအတွက် သိသိသာသာ မြင့်တက်လာခြင်းကို သတိပြုပါ။ 



Psiphon အသုံးပြုသူ ဂရပ်
Psiphon နှင့် Psiphon pro နှစ်ခုစလုံးသည် မေ 17 ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဒေါင်းလုဒ် အများဆုံး ရယူခံရသည့် အက်ပ်များဖြစ်ခဲ့ပြီး စုစုပေါင်း ဒေါင်းလုဒ် 1.7 သန်းကျော် ရှိခဲ့သည် (SensorTower.com)။

Psiphon အသုံးပြုသူ ဂရပ်

နိုင်ငံတကာ အင်တာနက် အသုံးပြုခွင့်ကို ပြန်လည်ရရှိစေခြင်း၏ ကုန်ကျစရိတ် 


ထိုကဲ့သို့ အသုံးပြုမှု အဆမတန် မြင့်တက်လာခြင်းကို လက်ခံထိန်းကျောင်းပေးနိုင်သည့် ဆာဗာများ ကွန်ရက်တစ်ခုသည် ခိုင်မာသော အခြေခံအဆောက်အအုံနှင့် လူအများ နိုင်ငံတကာ အင်တာနက်ကို အသုံးပြုရန် လိုအပ်သည့်အချိန်အတွက် သိုလှောင်ထားသော ပမာဏများစွာ ရှိရန် လိုအပ်ပါသည်။ သို့သော် ဆင်ဆာဖြတ်တောက်သူများက အင်တာနက်ကို ပိတ်ပင်ထားချိန်တွင် ဤအရာများသည် မည်သို့ အလုပ်လုပ်သနည်း။ 


အင်တာနက်ကို လမ်းမများအဖြစ် စိတ်ကူးကြည့်ပါ၊ အင်တာနက်ကို အသုံးပြုနေကြသော လူများကို ထိုလမ်းကြောများပေါ်တွင် ကားမောင်းနေကြသည်ဟု စိတ်ကူးကြည့်ပါ။ အချို့လမ်းများသည် မြို့တွင်းလမ်းများဖြစ်ကြပြီး အချို့လမ်းများသည် နိုင်ငံ၏ အခြားအစိတ်အပိုင်းများသို့ သင့်ကို ဆက်သွယ်ပေးနိုင်ပါသည်။ ဆင်ဆာဖြတ်တောက်ခြင်းသည် နိုင်ငံတော် သို့မဟုတ် မြို့တွင်း အဝေးပြေးလမ်းမများပေါ်တွင် ယာဉ်သွားလာမှုကို ခွင့်မပြုခြင်းနှင့် ဆင်တူပါသည်။ ၎င်းကို အရှိန်နှုန်း နှေးကွေးစေရန် ဖိအားပေးခြင်းမှအစ မြို့ပြင်သို့ မည်သို့ထွက်ရမည်ကို ပြသသည့် လမ်းညွှန်ဆိုင်းဘုတ်များကို ဖယ်ရှားပစ်ခြင်းအထိ နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်နိုင်ပါသည်။ 


ထိုအချိန်တွင် Psiphon ကဲ့သို့သော ဆင်ဆာဖြတ်တောက်မှု ဆန့်ကျင်ရေး ကိရိယာများ ပါဝင်လာပြီး လမ်းများကို ပြန်ဖွင့်ပေးပါသည်။ Psiphon သည် လူအများကို နိုင်ငံတကာ အင်တာနက်နှင့် ချိတ်ဆက်ပေးရန် မတူညီသော နည်းဗျူဟာများကို အသုံးပြုပါသည်။


Psiphon ကွန်ရက်သည် လူအများကို ချိတ်ဆက်ပေးရန်နှင့် ဆင်ဆာဖြတ်တောက်ခံထားရသော အကြောင်းအရာများကို ပို့ဆောင်ပေးရန် သီးခြား ပရိုတိုကော 9 ခုကို လည်ပတ်လုပ်ဆောင်ပေးပါသည်။ ဤပရိုတိုကောများသည် Psiphon ကွန်ရက်အတွင်း ကောင်းမွန်စွာ လည်ပတ်သောအခါ လူအများ နိုင်ငံတကာ အင်တာနက်ကို အသုံးပြုချိန်တွင် ကွန်ရက်ဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးပြီး ပြည့်ကျပ်ပိတ်ဆို့မှုကို သက်သာစေသည်၊ ယင်းသည် ပိုမိုမြန်ဆန်သော ချိတ်ဆက်မှုနှင့် ပိုမိုစိတ်ချရသော အတွေ့အကြုံကို ရရှိစေသည်ဟု ဆိုလိုပါသည်။

ဤစိတ်ကြိုက် အင်တာနက်လွတ်လပ်ခွင့် ပရိုတိုကောများမှ Psiphon ကဲ့သို့သော ဝန်ဆောင်မှုများထံ ပေးစွမ်းသည့် ပြောင်းလွယ်ပြင်လွယ်မှုသည် အင်တာနက် အသုံးပြုခွင့် ကန့်သတ်ခံရချိန်တွင် မြန်မာ၊ ဘီလာရုစ် သို့မဟုတ် အဇာဘိုင်ဂျန်တို့ရှိ ပြည်သူများ၏ တောင်းဆိုချက်များကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်စေသည်၊ သို့သော် ၎င်းတွင် အမှန်တကယ် ကုန်ကျစရိတ် ရှိပါသည်၊ Psiphon ကွန်ရက်ကို ဖြတ်သန်းသွားသော byte တိုင်းသည် စီးပွားဖြစ် ကွန်ရက်များစွာကို ဖြတ်သန်းရပြီး တစ်ခုချင်းစီသည် ဆာဗာများနှင့် ကွန်ရက် အခြေခံအဆောက်အအုံအတွက် ၎င်းတို့၏ ကိုယ်ပိုင်စျေးနှုန်းများကို ကောက်ခံကြသည်။


လိုအပ်ချက်နှင့် ကုန်ကျစရိတ်များကို မျှတအောင် ညှိနှိုင်းခြင်း


လိုအပ်သည့် အချိန်တိုင်းတွင် သန်းနှင့်ချီသော အသုံးပြုသူများကို ပံ့ပိုးပေးနိုင်ရန် ကွန်ရက် အဆင်သင့်ဖြစ်နေစေရေး သေချာစေခြင်းသည် တစ်ကမ္ဘာလုံးရှိ ဆင်ဆာဖြတ်တောက်မှုကို ဆန့်ကျင်တိုက်ပွဲဝင်နေသော အင်တာနက်လွတ်လပ်ခွင့် အသိုက်အဝန်းအတွက် အကြီးမားဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါသည်။  


အခြား အခမဲ့ အသုံးပြုနိုင်သော ဝန်ဆောင်မှုပေးသူများကဲ့သို့ပင် Psiphon သည် မြန်မာနိုင်ငံတွင် တွေ့ကြုံခဲ့ရသည့် လူဦးရေပမာဏအထိ ရုတ်တရက် မြင့်တက်လာမှုမျိုးကို အကန့်အသတ်မရှိ ဆက်လက်ထိန်းထားနိုင်မည် မဟုတ်သလို၊ တစ်ပြိုင်နက်တည်းတွင် ဖြစ်ပေါ်လာသော ထိုကဲ့သို့ ရုတ်တရက် မြင့်တက်မှု အများအပြားကိုလည်း ပံ့ပိုးပေးနိုင်မည် မဟုတ်ပါ။ ၎င်းတို့ အလိုအပ်ဆုံး အချိန်တွင် လူအများအပြားအတွက် ပွင့်လင်းသော အင်တာနက်ကို အသုံးပြုနိုင်မည့် နောက်ဆုံးမျှော်လင့်ချက်များ ဆုံးရှုံးရခြင်းကို ဆိုလိုနိုင်သောကြောင့် ဤအခြေအနေသည် အမှန်တကယ် စိတ်မကောင်းစရာ ဖြစ်ပါသည်။  


အမှန်စင်စစ်တွင် အင်တာနက်လွတ်လပ်ခွင့်သည် အခြေခံ လူ့အခွင့်အရေးတစ်ခု ဖြစ်သော်လည်း၊ ၎င်းသည် အခမဲ့တော့ လုံးဝ မဟုတ်ပါ။


ပါဝင်ကူညီပါ


အင်တာနက်လွတ်လပ်ခွင့်သည် လူတိုင်းအတွက် အခွင့်အရေးဖြစ်သော်လည်း ဆင်ဆာဖြတ်တောက်ခံနေရသော ဒေသများရှိ ပြည်သူများ ပွင့်လင်းသော အင်တာနက်ကို အသုံးပြုနိုင်ရန် ပံ့ပိုးပေးနိုင်သည့် နည်းလမ်း ကျွန်ုပ်တို့ထဲမှ အနည်းငယ်တွင်သာ ရှိပါသည်။ သူတို့ထဲမှ တစ်ဦး ဖြစ်ပါစေ။


သင် ဘာလုပ်နိုင်သလဲ။ မြန်မာနိုင်ငံရှိ အင်တာနက် အခြေအနေအကြောင်း ပြောဆိုဆွေးနွေးခြင်းဖြင့် အသိပညာပေးပါ၊ သင့်မိတ်ဆွေများနှင့် သတင်းအချက်အလက် လွတ်လပ်ခွင့်ကို အလေးထားသူများနှင့်အတူ ဆိုရှယ်မီဒီယာပေါ်တွင် ထိုအကြောင်း ဆွေးနွေးကြရန် အခြားသူများကို ဖိတ်ခေါ်ပါ။ အကူအညီ လိုအပ်နေသူများကို ကူညီပေးနေသော Psiphon ကဲ့သို့သော ကိရိယာများကို တိုက်ရိုက် ထောက်ပံ့လှူဒါန်း နိုင်ပါသည်။ အကယ်၍ သင်သည် မြန်မာနိုင်ငံတွင် မရှိပါက Psiphon တွင် ဝန်ဆောင်မှု စာရင်းသွင်းပါ။ အင်တာနက်ပေါ်တွင် သတင်းအချက်အလက် ရယူသုံးစွဲခွင့် ငြင်းပယ်ခံထားရသူ အားလုံးအတွက် သင်၏ ထောက်ခံအားပေးမှုကို ပြသခြင်းသည် ၎င်းတို့အတွက် များစွာ အဓိပ္ပာယ်ရှိမည်ဖြစ်ပြီး၊ ဆင်ဆာဖြတ်တောက်မှု၏ အမှောင်ထုထဲသို့ အလင်းရောင်ရောက်ရှိစေရန် အစွမ်းကုန် ကြိုးပမ်းနေသူများအတွက်လည်း များစွာ အဓိပ္ပာယ်ရှိပါသည်။

ဖြတ်တောက်မှုများမြန်မာPsiphon VPN

ဆက်လက်ဖတ်ရှုရန်